တမန်တော်မြတ်(ဆွ)၏ ဟဒီးဆ်တော်များတွင် (၃)မျိုး ရှိပါသည်။ ၄င်း
(၃)မျိုးလုံးကို (မှန်ကန်ခိုင်လုံပါက) မလွဲမသွေ လက်ခံရမည်သာဖြစ်ပါသည်။
၎င်းတို့မှာ -
(၁) ဟဒီးဆ်ဆိကောင်လီ
(တမန်တော်မြတ်(ဆွ)၏ နှုတ်တော်မှ မြွက်ကြားသည့် သြဝါဒတော်များ)
(၂) ဟဒီးဆ်ဆိဖိအ်လီ
(တမန်တော်မြတ်(ဆွ) ကိုယ်တော်တိုင်ပြုကျင့် ဆောင်ရွက်ခဲ့သည်များ)
(၃) ဟဒီးဆ်ဆိသတ်က်ရီရီ
တမန်တော်မြတ်(ဆွ) တွေ့မြင်/သိရှိတော်မူ၍ တားမြစ်တော်မူခဲ့ခြင်း
မရှိခဲ့သည့် တစ်ဦးဦး၏ ပြုမူပြောဆို ဆောင်ရွက်ခဲ့သည်များ)ဟူ၍ ဖြစ်ပါသည်။
၎င်းဟဒီးဆ်တော်များကို မှတ်တမ်းပြုထိန်းသိမ်းခဲ့ကြသူ
ဟဒီးဆ်ပညာရှင်အဆက်ဆက်သည် ဆင့်ပြန်မှု အစဉ်အဆက် မြစ်ခြေ ခိုင်မာမှု
အခြေအနေအပေါ် မူတည်၍ ဆွဟီးဟ် (မှန်ကန်ခိုင်မာမှုအရှိဆုံးအဟီးဆ်)၊ ဟစန် ၊
ဃရီးဗ်၊ ဒွအီးဖ် (ခိုင်မာမှုအားနည်းသည့်ဟဒီးဆ်) ၊ မောင်ဒွူအ်
(လုပ်ကြံဖန်တီးထားသောဟဒီးဆ်တု) စသည်ဖြင့် အဆင့်အမျိုးမျိုးကို စနစ်တကျ
စိစစ်မှတ်တမ်းတင်ထားရှိခဲ့ကြပါသည်။
ထိုသို့ ဟဒီးဆ်တော်များတွင် အဆင့်အမျိုးမျိုးရှိသည့်အနက် ဆွဟီးဟ်
(မှန်ကန်ခိုင်မာမှုအရှိဆုံး)ဟဒီးဆ်တော်များကိုသာ ရွေးထုတ်ဖော်ပြထားသော
ဗုခါရီကျမ်း နှင့် မွတ်စ်လင်မ် ကျမ်းလာ အဟ်ကာမ် ပညတ်ချက်များ အခြေပြုရသည့်
သြဝါဒတော်များကို စုစည်း၍ လွန်ခဲ့သော နှစ်ပေါင်း (၈၀၀) ကျော်က ပညာရှင်ကြီး
ရှိုက်ခ်အဗ်ဒုလ်ဂနီ ဂျမ္မာအီလီ(ရဟ်)သည် အွမ်ဒသုလ် အဟ်ကာမ် ကျမ်း အမည်ဖြင့်
ရေးသားပြုစုခဲ့ပါသည်။